“လွမ်းနေမှာပဲ … သိတယ် …
လိုက်ရှာနေမလား … တွေ့တယ် …
ရှိပါစေတော့လေ …
လွင့်ငိုသံလေး … ကြားတယ် …
လှမ်းမျှော်နေမှန်း …သိတယ် …
မဖြူစင်နိုင်သော ဘ၀မျိုးနဲ့လေ မင်းဝေးပါစေ …
ဒီအခြေနေတော့ မယူလိုက်နဲ့လေ မင်းကောင်းပါစေ
ငါ့ရဲ့စိတ်က မင်းအတွက်တွေးတုန်း …
စွန့်လွတ်ခြင်းက ငါ့ရဲ့အချစ်ပေါ့ ဘေဘီ
ငါ့ရဲ့အချစ်နဲ့ မင်းဝမ်းမြောက်လို့ ကလေးလေးရယ် …”
MP3 နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း မိုးခ ခရီးတလျှောက်လုံး အဝေးပြေးကားပေါ်မှာ တွေးရင်း ငေးရင်း …။
တရိပ်ရိပ်ဖြတ်သန်းနေသော လမ်းဘေးမှ ပုံရိပ်လေးများကို ကြည့်နေရင်း … ရင်းနှီးဖုးသော သူကိုသတိရမိသည်။ နားထောင်နေသော သီချင်းလေးကလဲ ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်နေမိသည်။ ခုချိန်ဆို ရတီဘာလုပ်နေမလဲ? အော် ..ခုချိန်ထိ ရတီအကြောင်း တွေးနေမိသေးတာ ဘာကြောင့်ပါလိမ့်။ ရတီကို မတွေ့တာ တော်တော်ကြာပြီ။ ရတီနှင့် လမ်းခွဲပြီးကတည်းက အခုချိန်ထိ အော်လိုင်းမှာလဲ မတွေ့တော့။ ရတီ block လုပ်သွားတာလားမသိ။ အင်း … ပြန်ဆုံနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ သူကို ငါမေ့လိုက်တာပဲ ကောင်းမယ်ဟု စိတ်ကတွေးလျက် ….။
အလုပ် ၁လနားရက်ရတုန်း ထိုင်းနိုင်ငံကို ခြေဆန့်လာခဲ့မိသည်။ မိမိ တစ်ခါမှ မရောက်ဖူးသော နေရာဖြစ်ပေမယ့် အေးဆေးပါပဲ။ ဒီက NGO လေးတစ်ခုနှင့် ချိတ်ဆက်ထားပြီးသား။ စေတနာ့ဝန်ထမ်း အဖြစ်ဝင်ရောက် ကူညီလုပ်ဆောင်ရန် ကမ်းလှမ်းထားပြီးသား။
******************
“ဟင် … အခုလား ဦးလေး …”
“ဟုတ်တယ် ရတီ။ ဧည့်သည်သွားကြိုပေးပြီး ညနေရွာပြန်လာရင် တခါတည်း ခေါ်လာခဲ့လိုက်ပေါ့”
“ဟုတ်ကဲ့ ဦးလေး … နောက် ၁၀မိနစ် ကားဂိတ်သွားကြည့်လိုက်မယ်”
“အေး … ကောင်းပါပြီ။ ဒါက သူ့ဖုန်းနံပါတ်။ လိုလိုမယ်မယ် ယူထားလိုက်ပေါ့။ 08******** …”
ဦးလေးဆုံချိုင်း ဖုန်းချသွားသည်နှင့် Jen ကိုဖုန်းဆက်ကြည့်လိုက်သည်။
“Jen … ဘယ်ရောက်နေပြီလဲ။ ညနေဘယ်ချိန် ရွာပြန်မလဲ”
“လမ်းမှာပဲရှိသေးတယ် အမရေ … ကားပျက်လို့ နောက်ကျမယ်ထင်တယ်။ ဒီညတော့ မပြန်ဖြစ်လောက်ဘူး။ မနက်ဖြန် မနက်မှ ပြန်တော့မယ်”
“ဟင် … ဟုတ်လား။ ဦးလေးဆုံချိုင်းက အမကို ဧည့်သည်ကြိုပြီး ရွာကို လာခဲ့ဖို့ ပြောနေတာ။ ဒါဆို အမဘယ်လိုလုပ်ရမလဲ”
“ဒါဆို အမပဲ အရင်သွားလိုက်လေ။ ညီမ နက်ဖြန်ကျမှ တက်လာခဲ့မယ်”
“အဲ့လိုပဲ လုပ်ရတော့မှာပေါ့ကွယ် … ဒါဆို ဘိုင်းဘိုင်နော် …”
အဝေးပြေးကားကွင်းရောက်တော့ ဘန်ကောက်က ထွက်လာတဲ့ကားရောက်နေပြီ။ ဒါမယ့် လူကိုရှာမတွေ့။ ကိုယ်နှင့်လဲ မသိတော့ ပိုခက်သည်။ လူတွေကလဲ ရှုပ်ရှပ်ခတ်နေသည်။
***************
“တီ … တီ … တီ … တီ… ”
လက်ထဲ ကိုင်ထားသည့်ဖုန် မြည်လာလို့ မိုးခဖုန်းကို လက်ခံလိုက်ရင်း … တဖက်မှ အင်္ဂလိပ်စကားဖြင့်နှုတ်ဆက်သံကြားလိုက်ရသည်။
“ဟုတ်ကဲ့ ကျွန်တော် မိုက်ကယ်ပါ”
“ ……..”
“ဟုတ်ကဲ့ ကျွန်တော် အခု ကားကွင်းမှာပါ။ ဟုတ်ကဲ့။ စင်္ကြန်အမှတ် ၃၁ မှာပါ။ …”
“……….”
“ဟုတ်ကဲ့ အဲ့အရှေ့တည့်တည့်မှာပဲ ရပ်နေပါတယ် …”
“………”
မိုးခ ဖုန်းကို လက်တဖက်က ကိုင်ရင်း ကွန်ပြူတာအိတ်နှင့် အ၀တ်လွယ်အိတ်ကို လှမ်းကိုင်ရင်း ထိုင်ခုံက အထ … မိန်းကလေးတယောက် ရှေ့မကြည့် နောက်မကြည့် .. အပေါ်မော့ရင်း နောက်ပြန်အလှည့် ၀င်တိုက်မိကြသည် …
မိုးခက “ဆောရီးပါ …”
မိန်းကလေးက လက်တစ်ဖက်ကဖုန်းကိုင်ထားရင်း ဘာမှမဖြစ်သလို …
“ရှင်ကျွန်မပြောတာကို ကြားနေလား … ဟလို … ဟလို …”
မိုးခ ဖုန်းကိုနားထောင်ရင်း အသံက ဘေးကကြားနေသလို ဖြစ်ပြီး ယောင်ပြီး ဘေးဘီကို လှည့်ကြည့်မိတော့ … ခုနက တိုက်မိတဲ့ မိန်းကလေးထံမှ စကားသံထွက်ပေါ်လာသည်ကို တွေ့လိုက်ချိန် … မိန်းကလေးကလဲ သူ့ကိုလှည့်ကြည့်ရင်း …
၂ယောက်သား ဖုန်းကိုင်ထားရင်း … ငေးရပ်နေမိရင်း … မိုးခက …
“ကျွန်တော် မိုက်ကယ်ပါ …” ဟု စကားစပြောတော့မှ ထိုမိန်းကလေးက …
“ဟုတ်ကဲ့။ ကျွန်မ အန်းပါ။ မစ္စတာ မိုက်ကယ်ကို လာကြိုတာပါ … သွားဖို့ အဆင်သင့်ဖြစ်ရင် သွားရအောင်လေ …”
ရတီနှင့် မိုးခ … တက္ကဆီကားနီ တစ်စီးငှားပြီး အတူစီးလာရင်း … ရတီက ..
“မစ္စတာ မိုက်ကယ်။ အခုကျွန်မတို့ တခါတည်း တောင်ပေါ်ရွာကို တန်းသွားမလား။ ဒါမှမဟုတ် ပင်ပန်းလာတယ်ထင်ရင် နားပြီး တစ်ခုခုစားသောက်ပြီးမှ ဆက်သွားမလား”
“ရပါတယ် … ကျွန်တော့ကို fast food ဆိုင်တစ်ခုလောက်မှာ ခဏရပ်ပေးပါလား။ ကျွန်တော် အစားအသောက် နည်းနည်းဝယ်သွားချင်လို့ပါ။ ခရီးရောက် နောက်ကျမှာစိုးလို့ ကျွန်တော်ကားပေါ်မှာပဲ တစ်ခုခုစားရင်း သွားချင်ပါတယ်”
7 Eleven ဆိုင်တစ်ခုမှာ ကားရပ်တော့ မိုးခ ကားပေါ်မှ ဆင်းသွားပြီး ၁၀ မိနစ်လောက်ကြာတော့ ပြန်တက်လာသည်။ ကျွတ်ကျွတ်အိတ်ကြီး တစ်ခုထဲမှာတော့ စားစရာ မုန့်အပြည့်နှင့် ဖျော်ရည်ဗူးအချို့။
“စားပါဦးလား …” မိုးခက မုန့်အိတ်ကြီး ညွှန်ပြလျက်ပြောသည်။
“ရပါတယ်. ကျွန်မမဆာတော့ပါဘူး … ဖြည်းဖြည်းသုံးဆောင်ပါ …”
ရတီ ပြန်ပြောရင်း သူ့ကို လှမ်းကြည့်တော့။ သူကအသားညှပ် ဟမ်ဘာဂါ တစ်ခုကို စားဖို့ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။ စိတ်ထဲမှာ အတွေးတွေကတော့ ပြောင်းဆန်နေပြီ။ သူ … သူက ကိုမိုးခ နဲ့ ရုပ်ချင်းဆင်လိုက်တာ။ ကိုမိုးခ များဖြစ်နေမလား။ ဒါပေမယ့် ကိုမိုးခကို ရတီ အော်လိုင်းပေါ်ကနေပဲ ဓါတ်ပုံတွေ VZO တွေ Skype တွေနဲ့ပဲ တွေ့ခဲ့ဖူးတာ …
ထိုနည်းအတိုင်းပင် မိုးခကလဲ အန်းဆိုတဲ့ ကောင်မလေးဟာ ရတီနဲ့ ရုပ်ချင်းဆင်လိုက်တာ။ ရတီများလား။ သူတို့ချင်းလဲ အော်လိုင်း web cam ပေါ်ကနေ တဆင့် တစ်ယောက်နဲ့တစ်ယောက် မြင်ဖူးကြတာ။ အတွေးများကို ဟန်ဆောင်ထိန်းရင်း ဟမ်ဘာဂါ တစ်ခုစားဖို့ ပြင်နေရင်း …။
“ခင်ဗျားက အင်္ဂလိပ်စကား တော်တော်ကောင်းတယ်နော်။ ထိုင်းနိုင်ငံသားပဲလား …”
“ဟုတ်ပါတယ်။ ရှင်ကရော် … ဘယ်ကလာတာလဲ။ ရှင့်စကားပြောပုံက အနောက်တိုင်းဆန်ပေမယ့် အာရှသားလို့ ထင်ရတယ် ..”
“ဟုတ်ပါတယ် … ကျွန်တော်က စင်္ကာပူကပါ။ အင်ဂျင်နီယာကျောင်းတက်နေတာပါ။ တတိယနှစ် ရောက်နေပါပြီ”
“ထိုင်းနိုင်ငံကို ပထမဆုံးပဲလား။ အလည်ပဲလား … အလုပ်ကိတ်စရောလား ..”
“အင်း .. ပထမဆုံးပဲ။ အလည်သက်သက်လို့ပဲ ဆိုရမှာပေါ့။ ကျောင်း ၁လနားချိန်လေး အလဟသ မဖြစ်ချင်လို့ပါ။ ထိုင်းက Hilltribe project လေးကို လေ့လာရင်ကောင်းမယ်ထင်လို့ လာခဲ့တာပါ”
“အော် … ကောင်းတဲ့ အစီစဉ်ပါပဲ။ အခုသွားမဲ့ ရွာအကြောင်းရော သိပြီးပြီလား”
“ဟုတ်ကဲ့။ အနည်းကျဉ်းတော့ လေ့လာထားပြီးပါပြီ။ စိုက်ပျိုးရေးကို အခြေခံတဲ့ ရွာဆိုတာပဲ သိထားပါတယ် … အဓိက ကတော့ ကျွန်တော် သူတို့ရဲ့ လူနေမူဘ၀ကို လေ့လာချင်ရုံသက်သက်ပါ”
“အော် … ဒါနဲ့ ကျွန်မကတော့ ရှင့်ကို ရွာမှာ စကားပြန်လုပ်ပြီး လူညီပေးမဲ့သူပါ။ ဒီအတွက်ကျွန်မရှင့်ကို ကူညီနိုင်သလောက် ကူညီသွားမှာပါ”
“ကျေးဇူးပါပဲ …”
ဒါဆိုရင် ဒီကောင်မလေးဟာ ရတီမဟုတ်ဘူးလား။ စကားပြောတာတွေ လှုပ်ရှားပုံချင်းကလဲ တူလိုက်တာ။ ရတီလို့ ခေါ်ကြည့်လိုက်ချင်သည်။ အခုချိန်ထိ သူတို့ ၂ယောက် အင်္ဂလိပ်လိုပဲ ပြောဖြစ်နေတာ မြန်မာလို စပြောရင် ကောင်းပါ့မလား။ မင်းမြန်မာလားလို့ မေးကြည့်ရမှာလဲ မ၀ံ့မရဲဖြစ်နေသည်။ သို့သော် .. အခု အခြေအနေကတော့ ဒီကောင်မလေးဟာ “အန်း” ဆိုတဲ့ သူ့ကို ထိုင်းစကားပြန်လုပ်ပေးမဲ့သူ …။
သူဟာ ကိုမိုးခ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်။ ရတီဆက်မတွေးချင်တော့။ ဟုတ်ခဲ့ရင်ရော … ဘာဆက်လုပ်လို့ရမှာလဲ။ လမ်းခွဲသွားခဲ့ပြီးပြီပဲ။ အခုအခြေအနေကတော့ သူဟာ “မိုက်ကယ်” ဆိုတဲ့ စင်္ကာပူက အင်ဂျင်နီယာ ကျောင်းသားဧည့်သည် …။
ဆက်ရန်ရှိသည်။
(ATM)
***********************************************
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၁)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၂)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၃)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၄)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၅)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၆)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၈)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၉)
ဆက်ရန်ရှိသေးသည် ............
No comments:
Post a Comment